Monday, July 4, 2016

ဗမာတွေ ကြောက်နေသလား


စစ်မှန်တဲ့ပြည်ထောင်စုစနစ်ကို ဘာဖြစ်လို့ ကြောက်နေကြတာလည်း ...ကျနော်တို့ရဲ့ အဓိကပြဿနာဟာ ပြည်ထောင်စု ပြဿနာပဲဖြစ်တယ် ။ပြည်ထောင်စုကြီးကို အသစ်တဖန် ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ပြဿနာပါ။ ပြည်ထောင်စုထဲမှာရှိတဲ့ တိုင်းရင်းသား လူမျိုးများရဲ့ ကဏ္ဍနှင့် ပြည်မကဏ္ဍကို ဘယ်လိုကိုင်တွယ်ဖြေရှင်းကြမလဲ…ဒါကအဓိကပါ။ပြည်ထောင်စုအတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ တိုင်းရင်းသားအားလုံး လူမျိုးအားလုံးရဲ့ပြဿနာကို ပြေလည်စွာကိုင်တွယ်ဖြေရှင်းနိုင်ရင် ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရအောင်ဖြေရှင်းနိုင်ပါလိမ့်မယ်။ ဗမာတွေဟာ  “စစ်မှန်တဲ့ပြည်ထောင်စု”ဆိုတဲ့စကားကို သူတို့ပါးစပ်ကထွက်လာမှာကိုတောင် ကြောက်နေကြတယ်။ “ဖက်ဒရယ်” ဆိုတဲ့စကားလုံးကြားလိုက်တာနဲ့ တီကောင်ကိုဆားနဲ့တို့သလို တွန့်လိမ်ကုန်ကြတယ်လို့ တိုင်းရင်းသားလူမျိုးများက ပြောကြ၊ဆိုကြ၊ရေးကြ၊မေးနေကြသည်မှာ ကြာခဲ့ပါပြီ။
ဤမေးခွန်းကို ကျနော်တွေးကြည့်သည်။ ဖက်ဒရယ်နှင့်ဗမာသည် အဘယ်သို့နည်း။တိုင်းရင်းသားတို့ရေးသားသည့် ဖက်ဒရယ်မူများကိုလည်း မွှေနှောက်လေ့လာမိသည်။တွေ့ပါပြီ။
ညီနောင်ဘွားတို့၏ ဖက်ဒရယ်
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ Federal Constitution Drafting and Coordinating Committee (FCDCC) မှ ဦးဆောင်ရေးဆွဲထားသော ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၇)ကို ပြင်ဆင်ရေးဆွဲထားသည့် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ကို အကောင်အထည်ဖေါ်လိုကြခြင်းသည်။  ဤမူကို ၂၀၀၅-ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့မှ (၁၂)ရက်ထိ ထိုင်းမြန်မာနယ်စပ်တနေရာတွင်ကျင်းပခဲ့သော အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူများချမှတ်ရေး နှီးနှောဖလှယ်ပွဲမှ အားထုတ်ထားခြင်းဖြစ်၏။ ထိုနှီးနှောဖလှယ်ပွဲသို့ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊နိုင်ငံရေးပါတီအဖွဲ့အစည်းအသီးသီးတို့မှ ခေါင်းဆောင်များ၊အမျိုးသမီးအဖွဲ့အစည်းများ၊လူငယ်အဖွဲ့အစည်းများနှင့် လူထုအခြေပြုအဖွဲ့အစည်းများတို့မှ ကိုယ်စားလှယ်များ စုစုပေါင်း (၁၀၆)ဦးတက်ရောက်၍ အနာဂတ် ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံဆိုင်ရာအခြေခံမူ(၈)ချက်ကို ချမှတ်ပေးခဲ့ပါသည်။ NCUB, NDF, UNLD(LA), NCGUB, KNPP, SDU, WLB, NY Forum, SYCB,တို့မှ ကိုယ်စားလှယ်များကိုရွေးချယ်၍ ဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးနှင့် ညှိနှိုင်းမှု ကော်မတီ (FCDCC) ဖွဲ့စည်းကာ လမ်းညွှန်ချက်များနှင့်အညီရေးဆွဲခဲ့ကြခြင်းဖြစ်ပါသည်။၎င်း၏ ဒုတိယမူကြမ်း နိုင်ငံတော်ဖွဲ့ စည်းပုံတွင်--

ဖက်ဒရယ်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(ဒုတိယမူကြမ်း)
The Constitution of the Federal Republic of the Union of Burma (Second Draft)
ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့်ညှိနှိုင်းမှုကော်မတီ
Federal Constitution Drafting and Coordinating Committee
အခန်း(၃)
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
Member States of the Federal Union

ပုဒ်မ(၄၈) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ
(က) ဖက်ဒရယ်ပြည်ထောင်စု၏ အဖွဲ့ဝင်ပြည်နယ်များသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကိုယ်ပိုင်ပြဌာန်းခွင့်အခွင့်အရေး    အပြည့်အဝရှိစေရမည်။
(ခ) ဖက်ဒရယ်ပြည်ထောင်စုကို အမျိုးသားပြည်နယ်များ၊ အမျိုးသားများပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများဖြင့် ဖွဲ့စည်းစေရမည်။
ပုဒ်မ(၄၉) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များနှင့် ဖက်ဒရယ်ပြည်ထောင်စုနယ်မြေများ
(က) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များ---
ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) ကချင်အမျိုးသားပြည်နယ်
(၂) ကရင်အမျိုးသားပြည်နယ်
(၃) ကရင်နီအမျိုးသားပြည်နယ်
(၄) ချင်းအမျိုးသားပြည်နယ်
(၅) ဗမာအမျိုးသားပြည်နယ်
(၆) မွန်အမျိုးသားပြည်နယ်
(၇)တနင်္သာရီအမျိုးသားများပြည်နယ်
(၈) ရခိုင်အမျိုးသားပြည်နယ်
(၉) ရှမ်းအမျိုးသားပြည်နယ်
(၁၀)ဧရာဝတီအမျိုးသားများပြည်နယ်
(၁၁)--------------------------------------
(၁၂)--------------------------------------တို့ ဖြစ်ပါသည်။


ဗမာတွေကြောက်ကြသည်မှာ အမှန်ပင်ဖြစ်ပါလိမ့်မည်။ ကျနော်ဗမာတယောက်အနေဖြင့်ဖြေဆိုရမည်ဆိုပါက ဟုတ်ကဲ့ ကြောက်ပါတယ်ဟူ၍ပင် ရိုးသားစွာဖြေဆိုချင်ပါသည်။ ဤကဲ့သို့ ဝန်ခံပြန်ပါကလည်း ဗမာလူမျိုးကြီးဝါဒဟု ကျနော့်အားစွပ်စွဲကြပေဦးမည်မှာ မလွဲပေ။ အဖြေမှန်အတွက် ဝန်ခံခြင်းဖြစ်ပါသည်။ ဤအကြောက်တရားကို အခြေခံ၍ ဝေဖန်ဆန်းစစ်ကြပါရန်လည်း အကြံပြုအပ်ပါ၏။ ငြိမ်းချမ်းရေးကို ရှေးရှုပါသည်။အမျိုးသားရေးကို လည်းတွေးမိပါသည်။ တတ်အားသမျှကိုလည်း ပေးဝေငှပါ၏။သို့သော် သေချာသည်မှာ ဗမာ့တပ်မတော်နှင့် တိုင်းရင်းသားလက်နက် ကိုင်တို့၏ အန္တရာယ်စက်ကွင်းတွင် ဆူးကြားကဘူးခါးသီးပမာ ရှိပေလိမ့်မည်။သို့တစေ တာဝန်ကျေသည့် နိုင်ငံသားတယောက်အဖြစ် ထောက်ပြဝေဖန်၍ကျနော်ရပ်တည်ကာရှင်သန်နေချင်ပါသေးသည်။
ကျနော်၏ နံပါတ်တစ်အကြောက်ဆုံးတရားသည် ဤဖက်ဒရယ်စစ်စစ်မူနှင့်ဗမာလူတို့အကြား အငြင်းပွါးရာက စစ်ဗိုလ်ချုပ်များ၏ ကယ်တင်ခြင်းကို နောက်ထပ်မခံယူလိုတော့ခြင်းဖြစ်သည်။။
နံပါတ်နှစ်အကြောက်တရားမှာမူ နှစ်ငါးဆယ်ကျော်ပျော်ရွှင်ခဲ့သည့် မွေးဇာတိမြေ မကွေးတိုင်းဆိုသည့် အစွဲကို ဖြုတ်ထုတ်သတ်၍ ဗမာပြည်နယ်သားလုပ်ရပေဦးမည်။ အကယ်၍သာ မကွေးတိုင်းသားတို့က လွတ်လပ်၍ တန်းတူညီမျှမှုရှိသော ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် မကွေးပြည်နယ်အဖြစ် တောင်းဆိုလာပါကလည်း ခက်ရချေဦးတော့မည်။
တတိယအကြောက်တရားမှာကား ဤဖက်ဒရယ်စစ်စစ်မူ၏ဖွဲ့စည်းပုံအရ (၁) ကချင်အမျိုးသားပြည်နယ်၊ (၂) ကရင်အမျိုးသားပြည်နယ်၊ (၃) ကရင်နီအမျိုးသားပြည်နယ်၊(၄) ချင်းအမျိုးသားပြည်နယ်၊(၅) ဗမာအမျိုးသားပြည်နယ်၊(၆) မွန်အမျိုးသားပြည်နယ်၊ (၇)တနင်္သာရီအမျိုးသားများပြည်နယ်၊(၈) ရခိုင်အမျိုးသားပြည်နယ်၊(၉) ရှမ်းအမျိုးသားပြည်နယ်၊(၁၀)ဧရာဝတီအမျိုးသားများပြည်နယ် တို့မှ ကိုယ်စားလှယ်အညီအမျှတက်ရောက် ခွင့်ရှိသည့် အမျိုးသားလွှတ်တော်တွင် သေချာပေါက်အားဖြင့် ဗမာလွှတ်တော်ကိုယ်စားလှယ် ၁၀ ရာခိုင်းနှင့် တိုင်းရင်းသားကိုယ် စားလှယ်များက ၉၀ ရာနှုန်းပါဝင်မည်ဖြစ်၏။အကယ်၍သာ အမျိုးသားလွှတ်တော်က သမ္မတယောက်တင်မြှောက်မည်ဆိုပါက ဗမာကိုယ်စားလှယ်က ၁၀ မဲသာရှိ၍ တိုင်းရင်းသားကိုယ်စားလှယ်က မဲပေါင်း ၉၀ ရပေတော့မည်။ ဤသို့ဆိုပါလျှင် ဗမာအင်ပါယာသည်နေဝင်သွားရပါလိမ့်မည်။ ယနေ့ဗမာရှင်ဘုရင်သည် မနက်ဖြန် ထီးတော်မိုးလုပ်ရမည်မှာ မလွဲပေ။ကျားသနားမှ နွားချမ်းသာရမည့်ကိန်းပင်။ တိုင်းရင်းသားလူမျိုးများ၏ စေလိုရာစေအမျိုးသားလွှတ်တော်မှာ ဗမာတွေနေစရာပင်ရှိမည်မထင်ပါ။ လက်တွေ့သဘောကို ပြောပြရပါလျှင် ကျနော်သည် ထိုင်းနိုင်ငံဘက်ခြမ်း ကရင်စစ်ပြေးဒုက္ခသည်စခန်းမှာ ၂၀၀၈-ခုနှစ်မှ ၂၀၁၆-ခုနှစ်ထိ နေထိုင်လျှက်ရှိပါသည်။ တိုင်းရင်းသားအများစုလွှမ်းမိုးသည့် ဤစခန်းတွင် ဗမာဆိုလျှင် တဆင့်နိမ့်၍ ဆက်ဆံကြသည်မှာ ပုံပြင်တခုမဟုတ်ပေ။ ကိုယ်တွေ့ပင်ဖြစ်ပါသည်။နာကျင်၍တော့မဟုတ်ပါ။ ဆင်ခြင်တွေးတောကြံဆနိုင်ကြစေရန် တင်ပြခြင်း သာဖြစ်ပါသည်။ သမင်ကိုလည်းမျက်တဆုပ်၊ မြင်းကိုလည်းမျက်တဆုပ်၊ဆင်ကိုလည်းမျက်တဆုပ်သာကြွေးသည့် အမျိုးသားလွှတ်တော်တွင် တိုင်းရင်းသားလူမျိုးများအားလုံးစုစုပေါင်းလူဦးရေထက် ပိုမိုများပြားသောလူဦးရေထူပြောသည့် ဗမာပြည်နယ်အဖို့ ဂွတီးဂွကျနိုင်ပေ လိမ့်မည်။
နံပါတ်လေးအကြောက်တရားလည်း ရှိပါသေးသည်။တိုင်းဒေသကြီး(၇)ခုဖြင့် ဖွဲ့စည်းထားသည့် ဗမာပြည်မကို အင်အားချိနဲ့ စေလို၍လောဟု တွေးတောစရာ။ ဧရာဝတီတိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းနှစ်တိုင်းကို ခုတ်ပိုင်း၍ ဗမာပြည်နယ်ထဲကခွဲထုတ်ထားပြန် သည်။ အကယ်၍သာ အတည်ပြုခဲ့ပါက  ဗမာပြည်နယ်လူဦးရေသည် တိုင်းရင်းသားလူမျိုးများလူဦးရေထက် လျော့နည်းသွားပေမည်။ ဤသို့ဆိုလျှင် လူဦးရေကိုအခြေခံ၍ ရွေးကောက်တင်မြှောက်သော ပြည်သူ့လွှတ်တော်တွင်လည်း ဗမာပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရေသည် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် ဦးရေထက် နည်းပါးသွားပေတော့မည်မှာ မလွဲပါ။ ဤသို့ဆိုပါလျှင် ဗမာတို့တင်သွင်း သမျှသောအဆိုသည် တိုင်းရင်းသားတို့၏ကန့်ကွက်မဲဖြင့် ရေတိမ်နစ်ရမည်မှာသေချာပါသည်။ သဲထဲရေသွန်သည်က အကျိုးမြင်ရပါပေဦးမည်။
နံပါတ်(၅) အကြောက်တရားသည် တွေးပင်မတွေးဝံ့စရာပင်။ပုဒ်မ(၁၅၄)အရ ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးအတွက် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော်ကိုတည်ထောင်ပြီး ဖက်ဒရယ်ပြည်ထောင်စုသမ္မတသည် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်၏ စစ်ဦးစီးချုပ် ဖြစ်သည်။ အကယ်၍သာ တိုင်းရင်းသားလူမျိုးများ၏စစ်သည်တော်များစွာပါဝင်သောတပ်မတော်ကို တိုင်းရင်းသားလူမျိုးဖြစ်သည့် နိုင်ငံတော်သမ္မတက စစ်ဦးစီးချုပ်လုပ်ခဲ့ပါလျှင် ဗမာသူပုန်သူကန်များစွာ ပေါ်ပေါက်လာမည်ကားမလွဲမသွေဖြစ်မည်။ အဘယ့်ကြောင့်ဆိုသော် ဗမာ ဗမာချင်းပင်လျှင် ဆော်ပလော်တီးခြင်သည့် သမိုင်းတွေက သက်သေရှိနေပါ၏။
နံပါတ်(၆) အကြောက်တရားက ကိုယ်ပိုင်အုပ်ချုပ်ရေးဆိုသည့် ဖွင့်ဆိုချက်ဖြစ်သည်။ ပြည်နယ်များလုံးဝကိုယ်ပိုင်အုပ်လျုပ်ရေး ( Complete Autonomy )ဆိုသည်မှာ   ဗမာပြည်နယ်အစရှိသည့် ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအား ဗဟိုလ်ပြည် ထောင်စုအစိုးရကသော်၎င်း၊  ပြည်နယ်အချင်းချင်း ကသော်၎င်း၊ ပြည်နယ်ထွင်းရေးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်းမရျိစေရန်နှင့် လုံးဝကိုယ်ပိုင်အုပ်ချုပ်ရေးရရှိစေရန်  အခြေံဥပဒေတွင် အခိုင်အမာပြဌာန်းထာရှိခြင်းဖြစ်သည်။
အသစ်ပြုပြင်ဖွဲ့စည်းမည့် မြန်မာပြည်ထောင်စုသည် ပြည်ထောင်စုစစ်စစ်ဖြစ်လေရာ၊ ပြည်နယ်တိုင်းသည် ဗဟိုပြည်ထောင်စု ဖွဲ့စည်းအုပ်ချုပ်ပုံအခြခံဥပဒေနှင့် မဆန့်ကျင်သော သီးခြားပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေရရှိရမည့်အပြင် သီးခြားဥပဒေပြု လွှတ်တော်၊ သီးခြားအစိုးရ၊ သီးခြားတရားရုံးများ ထားရှိရပေမည်။
ကိုယ်ပိုင်ပြဌာန်းခွင့် အခွင့်အာဏာဆိုသည်မှာ ၎င်းတို့ပြည်နယ်အခြေအနေနှင့်ကိုက်ညီသောဥပဒေကို ၎င်းတို့ရေးဆွဲပိုင်ခွင့်၊ ပြဌာန်းပိုင် ခွင့်၊ ၎င်းတို့ပြည်နယ်ကို ၎င်းတို့ကြိုက်နှစ်သက်သူများနှင့် ရွေးချယ်အုပ်ချုပ်ပိုင်ခွင့်၊၎င်းတို့ပြည်နယ်အတွင်း တရားစီရင်ပိုင်ခွင့်များ ရှိရမည်ဟု တော်လှန်ရေးခေါင်းဆောင်တွေက ဖွင့်ဆိုကြပါသည်။
 ဤအတိုင်းကျင့်သုံးကြပါမူ တပြည်နယ်နှင့်တပြည်နယ် အပြန်အလှန်ထိမ်းကြောင်းမှုပြုနိုင်ခွင့်မရှိပေ။ဝင်ရောက်စွက်ဖက်ရန်လည်း အခွင့် အရေးမရှိ။ တသီးတခြားစီရှိနေပေမည်။သာတူညီမျှသဘောကိုမဆောင်။တပြည်နယ်နှင့်တပြည်နယ်ကသူစိမ်းဆန်သည်။ ကိုယ့်မင်းကိုယ့် ချင်းအုပ်ချုပ်ရေးပင်ဖြစ်ပါ၏။ ပြည်ထောင်စုဗဟိုလ်အစိုးရ၏ လုပ်ပိုင်ခွင့်အာဏာကို ကန့်သန့်ထားပြီး ကျန်အာဏာများကို ပြည်နယ်အစိုးရများအား ပေးအပ်ထားသည်။ စည်းနှောင်မှုအားမရှိသည့် ဖက်ဒရယ်ပြည်ထောင်စုသည် မကြာမှိ ပြိုကွဲသွားရပေလိမ့်မည်။ ဤသည်များကား ကိုရွှေဗမာတို့၏ အကြောက်တရားပေတည်း။
သို့သော် မကြောက်တတ်သော ကိုရွှေဗမာလေးများလည်းရှိပါသေးသည်။ အတွေ့အကြုံရှိသည့် ခေတ်လူငယ်တယောက်ကို တိုင်းရင်းသားများခွဲထွက်ရေးအကြောင်း တစိုးတစ ဆွေးနွေးကြည့်ရာတွင် သူ့အမြင်ကရှင်းသည်။ “သူတို့ခွဲထွက်သွားလည်း ဘာပူစရာရှိလဲ အဘရယ်၊ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေရတာပေါ့” လို့ ဆိုပြန်ပါသည်။ ကျနော်ကား ခေါင်းတညိမ့်ညိမ့်။စိတ်အေးလက်အေးမနေတတ်သည့်ကိုယ့်ကိုကိုယ်ပင် အပြစ်တင်မိပါ၏။
အကျဉ်းနှင့်အကျယ်
ပဋိပက္ခတွေကို သဟဇာတဖြစ်စေနိုင်ဖို့အတွက် ဆရာကြီးဦးရွှေအောင်၏ သြဝါဒဖြင့် ချဉ်းကပ်ရပေမည်။ မေတ္တာဟူသည်မှာ ချစ်ခြင်းဖြစ်ပါသည်။ မိသားစုကိုချစ်ခြင်း၊ ဒေသကိုချစ်ခြင်း၊ လူမျိုးကိုချစ်ခြင်း၊ တိုင်းပြည်ကိုချစ်ခြင်း စသည်ဖြင့် တဆင့်ထက်တဆင့် ကျယ်ပြန့်သွားပါသည်။ ကျွန်ုပ်တို့သည် လူမျိုးကိုချစ်သောစိတ်၊ တိုင်းပြည်ကိုချစ်သောစိတ်ဖြင့် တွေးခေါ်လုပ်ကိုင်ကြပါက ကျွန်ုပ်တို့၏ တွေးခေါ်မှု၊ ကျွန်ုပ်တို့၏လုပ်ကိုင်မှုတို့သည် အမှားအယွင်း များစွာနည်းပါးသွားမည်ဖြစ်ပါမည်။ ရဲဘော်ရဲဘက်စိတ်ဆိုသည်မှာလည်း မေတ္တာ၏ဝေါဟာရတမျိုးပင်ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် လူမှုဆက်ဆံရေးနယ်ပယ်၌ မေတ္တာကိုအခြေပြု၍ လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မေတ္တာကိုအခြေ့ပုရာ၌ အကျဉ်းနှင့်အကျယ် အကျိုးစီးပွါးခြင်း ထိပ်တိုက်တွေ့ဆုံပါက အကျယ်ကို ဦးစားပေးရမည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ နိုင်ငံတော်၏အကျိုးစီးပွားနှင့် ဒေသ၏ အကျိုးစီးပွားတို့ ထိပ်တိုက်တွေ့ရာ တွင်ဖြစ်စေ၊ ဒေသ၏အကျိုးစီးပွားနှင့် မိသားစု၏အကျိုးစီးပွားတို့ ထိပ်တိုက်တွေ့ရာတွင်ဖြစ်စေ၊ မိသားစု၏အကျိုးစီးပွားနှင့် မိမိ၏အကျိုးစီးပွားတို့  ထိပ်တိုက်တွေ့ရာတွင်ဖြစ်စေ အကျဉ်းက အကျယ်ကို ဦးစားပေးရမည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် အကျယ်ထဲ၌ အကျဉ်းသည် အလိုအလျောက် ပါဝင်ပြီး ဖြစ်သောကြောင့်ပင်ဖြစ်ပါသည်။ သို့ရာတွင် ချစ်ခြင်းမေတ္တာသဘောကို မြင်အောင်ကြည့်ရာ၌ ( တဏှာမျက်လုံး၊ မာနမျက်လုံး၊ဒိဌိမျက်လုံး) တို့ဖြင့် မြင်အောင်ကြည့်၍ မတတ်ကောင်းချေ လို့ ပြဆိုပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လက်တွေ့ကျင့်စဉ်သည် အကျဉ်းနှင့်အကျယ်ကို အလင်းပြသည့် သာဓကပင် ဖြစ်ပါသည်။မြန်ပြည်တခွင်သာယာရေးအတွက် မိခင်၏မေတ္တာကို စတေးထားသူ၊သူမ၏အချစ်ကို စွန့်လွှတ်ခဲ့သူ၊အကျိုးစီးပွါးကို တန်ဖိုးမထားသူ၊မတရားသည့်အမိန့်အာဏာများကို ရိုက်ချိုးဝံ့သူ၊အစုလိုက်အပြုံလိုက်လူသတ်ကွင်းကို ဖေါက်ထွင်းအောင်နိုင်ခဲ့သူ၊ မောင်းတင်ထားသည့်သေနတ်ပြောင်းကို ညိမ့်ညောင်းစေ သူ၊ မနာလိုသူတွေရဲ့ အမုန်းစကားတွေကို ပြုံးရွှင်းစွာနားထောင်ခဲ့သူ၊ အကျယ်အတွက် အကျဉ်းစံသူ၊အပြောမဟုတ် အလုပ်နဲ့သက်သေပြ သူ၊ ယုံကြည်ချက်အတွက် တပါးသူအား မနှိပ်စက်သူ၊မညှဉ်းဆဲသူ၊ မသတ်ဖြတ်သူ၊ လက်နက်မဲ့တော်လှန်ရေးဖြင့် စစ်အာဏာရှင်ကြီးများကို ပညာပေးခဲ့သူ စသည်စသည်ဖြင့် အကျဥင်္းထက်အကျယ်ကို ဦးစားပေးခဲ့သည်မှာ ထင်းရှားလှပါသည်။
လက်နက်ကိုင်သူဖြစ်စေ၊ လက်နက်မဲ့သူဖြစ်စေ တော်လှန်ရေးသမားတယောက်သည် မိမိ၏မေတ္တာအကျဉ်းကို ပထမဦးစွာ တော်လှန်သင့်ပေသည်။ မေတ္တာအကျဉ်းကို အောင်နိုင်သူသည် လူထုခေါင်းဆောင်အဖြစ် ပေါ်လွင်ထင်ရှား၍လာပေလိမ့်မည်။ကိုယ်ကျိုး စီးပွါးသမား ငပြူးငပြဲများ၏ တော်လှန်ရေးသည် ခေတ်မရှိတော့ပေ။၂၀၁၅ ရွေးကောက်ပွဲကြီးက သက်သေပြထားပြီးဖြစ်ပါသည်။”အမှန် တကယ်ပင် သင်ငြိမ်းချမ်းရေးရလိုပါလျှင် အကျဉ်းထက်အကျယ်ကို ပို၍ ဦးစားပေးကြပါကွယ်” လို့သာ အကြံပြုလိုက်ရပေသည်။
                                                                                           IDEA vif;vif;
                                                                      (1/6/2016)


No comments:

Post a Comment