Friday, July 1, 2016

အတိတ်လွမ်းဝေဒနာနှင့် မြန်မာပြည်တွင်းစစ်


မြန်မာ့ပြည်တွင်းစစ်ကို ခြေရာကောက်ကြည့်ပါက အတိတ်လွမ်းဝေဒနာမှ ဖြစ်ဖျားခံလာခြင်းဖြစ်၏။ရှေးပဝေသနီက ဘိုးဘွားဘီဘင် တို့၏ ပျော်စံရာဒေသ၊စကား၊စာပေ၊အနုပညာနှင့်ရိုးရာဓလေ့များနှင့်အတူ မျောပါစီးနင်းလာခဲ့ကြသည့် မျိုးချစ်စိတ်မှ ယိုဖိတ်လာ ခြင်းဖြစ်ပေသည်။ ပျော်ရွှင်ကြည်နူးခဲ့ရသည့် အတိတ်ကဖြစ်စဉ်များကို ပြန်လည်တွေးမိလေတိုင်း  မှန်းဆကာတမ်းတနေခြင်းကို အတိတ်လွမ်းဝေဒနာ Nostalgia ဟု ပြောစမှတ်ပြုကြပါသည်။ လူသားတဦးခြင်းစီနှင့်သက်ဆိုင်သော အတိတ်လွမ်းဝေဒနာသည် ကာလ၊ဒေသနှင့် ကိုယ်တိုင်ခံစားခဲ့ရသည့်ပယောဂတို့အပေါ်မူတည်၍  မတူညီနိုင်သလို လူမျိုးတစ်မျိုးနှင့်တစ်မျိုးတို့သည်လည်း ကွဲပြားခြားနားပါ၏။ မြန်မာတို့သည် ပထမမြန်မာအင်ပါယာအရှင် ဘုရင်နော်ရထာနှင့်ပုဂံကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မော်ကွန်းတင်ကြ၊ဝမ်းမြောက်ဝမ်းသာစွာဖြင့်ဟောကြပြောကြသည်။ဒုတိယတိုင်းပြုပြည်ြု့ပုဘုရင့်နောင်နှင့်တောင်ငူ၏တေးရတုကဗျာ များဖြင့် အမျိုးဂုဏ်၊ဇာတိဂုဏ်ကို ပုံဖေါ်ကာ အမွှမ်းတင်ကြပါ၏။ ထို့အပြင် တတိယတိုင်းပြုပြည်ပြုဘုရင်ဦးအောင်ဇေယျ၏ ရတနာသိင်္ခမှ ဝါးရင်းတုတ်များအကြောင်းနှင့်ရွှေဗဟိုလ်စည်အလွမ်းတေးများကိုလည်းယနေ့ထိ သီဆိုရေးဖွဲ့လျှက်ပင်ရှိကြပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ရဲစွမ်းသတ္တိနှင့်လွတ်လပ်ရေး၊ပင်လုံနှင့်စတုတ္ထမြန်မာပြည်သမိုင်းသည်လည်း ယနေ့တိုင်းသားပြည်သူအား လုံး၏ နှစ်လုံးသားတွင် စွဲကပ်နေဆဲပင်။သူ့စွမ်းသူ့အင်နှင့်ပြည့်စုံသည့် ဤကမ္ဘာပေါ်ကမဟာလူသားများအား ဂုဏ်ပြုထောပနာ ပြုခြင်းသည် မင်္ဂလာတပါးဖြစ်သော်လည်း လူသားတိုင်းကကြိုဆိုလက်ခံနိုင်ပါ၏လော။ကျနော်တွေးတောကြည့်မိသည်။
တချိန်တည်းမှာပင် အမိမြေဖွား ရှမ်း၊ကချင်၊ကရင်၊မွန်နှင့်ရခိုင်စသည့် ညီနောင်ဖွားတို့သည်ကား ဘုရင်နော်ရထာအား ပုဂံကိုလိုနီအဖြစ် ကဗျည်းတင်ကြသည်။ ဘုရင့်နောင်နှင့်အလောင်းဘုရားကို ဗမာဖက်ဆစ်ဝါဒီဟူ၍ ခံယူထားကြသည်ကို လေ့လာဖတ်ရှုရပြန်ပါသည်။ အလောင်းဘုရား၊ဘုရင့်နောင်နှင့်အနော်ရထာခေတ်တို့ကို ကျော်လွန်၍ ထီးပြိုင်၊ နန်းပြိုင် ကိုယ်ပိုင်ခေတ်ကို တမ်းတနေကြပါ၏။ ကိုယ့်ဘုရင်၊ကိုယ့်စော်ဘွား၊ ကိုယ့်ဒူးဝါး၊ကိုယ့်စောဖျာ၊ ကိုယ့်စော်ကဲနှင့် ကိုယ့်တောင်ပိုင် ရမ်အုပ်များကို တင်မြှောက်၍ ကိုယ့်ထီး၊ကိုယ့်နန်း၊ ကိုယ့်ဟော်၊ကိုယ့်ကြငှန်းနှင့် ထီးဖြူဆောင်း။ ရွှေထီးဆောင်း၊ရွှေဓါးလွယ်ကိုင်၊ ငွေဓါးလွယ်ကိုင်  အဆောင်အယောင်အမျိုးမျိုးဖြင့် သီးခြားလွတ်လပ်စွာ အုပ်ချုပ်နေထိုင် လာခဲ့ကြသော ခေတ်တို့အား မှန်းဆကာ တမ်းတနေကြသည့်  အတိတ်လွမ်းဝေဒနာတို့သည်လည်း ယနေ့တိုင်လွမ်းခြုံနေဆဲ ပင်ဖြစ်ပါသည်။သို့သော်  ပင်လုံမြေတွင်   ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ပဋိဥာဉ်ပြုခဲ့သည့် ဗိုလ်ချုပ်အောင်းဆန်းနှင့် သူ၏ရောင်းရင်းများကိုမူ ငြူစူမှုကင်းကြပါ၏။

ဤဆန့်ကျင်ဘက်အခြေအနေနှစ်ရပ်သည် ဟိုခေတ်ဟိုအခါက ဂလိုဘယ်လိုက်ဇေးရှင်း၏ရလာဒ်ဖြစ်ပေမည်။ ရှေးခေတ်လူ့ဘောင်၏ ဖွဲ့စည်းပုံနှင့် လူသားများရှင်သန်ရပ်တည်ရန်အတွက် လိုအပ်ချက်လည်းဖြစ်နိုင်ပါသည်။ ယုတ္တိဗေဒဖြင့်ဆင်ခြင်ကြည့်ရပါမူ ရှေးပဝေသနီလူသားများ၏နေ့တဓူဝတိုက်ပွဲများတွင် အစုအဖွဲ့၏အင်အားကြီးငယ်ပေါ်မူတည်၍ အရှုံးနှင့်အနိုင်ကို ဆုံးဖြတ်ခဲ့ကြပုံရှိပါသည်။ ဤအခြေအနေသည် လူသားနိယာမနှင့်လူသားများ၏အခွင့်အရေးများကို ပုံဖေါ်နိုင်ခဲ့သည့် ကမ္ဘာ့ကုလသမဂ္ဂကြီးပေါ်ပေါက်မလာခင်အထိဖြစ်နိုင်ပေသည်။ ယနေ့ခေတ် တကမ္ဘာလုံးဆိုင်ရာ သုတေသနပညာရှင် တို့ကမူ အင်္ဂလိပ်၊အီတလီ၊ဂျာမဏီ၊အီဂျစ်နှင့်ပြင်သစ် စသည့်အမည်နာမများမပေါ်မီ ဤဒေသများမှ လူသားများ၏ နေမှုထိုင်မှုစရိုက် လက္ခဏာနှင့် ဓလေ့ထုံးတမ်းစဉ်လာတို့ကို မှန်းဆတမ်းတကာ့  မြေလွှာအထပ်ထပ်တို့အား တူးဆွ၍ ပန်းချီရေးစုတ်တံလေးများဖြင့် ပွတ်သပ်ကာအဖြေရှာနေကြဆဲဖြစ်သည်။ မတူကွဲပြားသည့်အတိတ်လွမ်းဝေဒနာများသည် ပင်ကိုယ်စိတ်မနောကို ချယ်လှယ်စိုးမိုးလာကြသောအခါ တဦးနှင့်တဦးသည် အစာမကြေဖြစ်လာကြပေ၏။ အမျိုးအနွယ်တစုနှင့်တစုသည်လည်း ဖီလာကန့်လန့်နှင့် ဆန့်ကျင်ဘက်အဖြစ် သတ်မှတ်လာခဲ့ကြပါတော့သည်။ဤတွင် ဆိုင်ရာဆိုင်ရာစွဲမြဲယုံကြည်လာခဲ့ကြသည့် ယဉ်ကျေးမှုအမျိုးမျိုးတို့သည် ထိပ်တိုက်တိုးလာကြရာမှ အချင်းချင်း တင်းမာမှု များဖြစ်ပေါ်လာရပေသည်။
အချိန်ကြာလာသည်နှင့်အမျှ ကိုယ့်လူမျိုး၊ ကိုယ့်ဓလေ့၊ကိုယ့်၇ိုးရာ၊ ကိုယ့်စာပေ၊ကိုယ့်စကားနှင့်ကိုးကွယ်ရာဘာသာတို့ တည်ရှိရာ ကိုယ့်မွေးရပ်ဒေသကို ချစ်မြတ်နိုးလာကြသည်။မိမိ၏ဌာနေကိုအစွဲပြု၍ အမြန်တနိုးတန်ဖိုးထားကြရာမှ ဇာတိတဏှာတို့သည်လည်း အားကောင်းမောင်းသန်ဖြစ်ပေါ်လာကြပြန်ပါသည်။ ဤဇာတိတဏှာဟုဆိုအပ်သော မျိုးချစ်စိတ်တို့သည် နေ့တဓူဝ လှုပ်ရှားရုန်း ကန်ကြရာတွင် အချင်းချင်း တိုးမိတိုက်မိကြရာမှ   အမျိုးသားရေးတိုက်ပွဲ အဖြစ်သို့ ပေါက်ကွဲသွားရခြင်း ဖြစ်လေသည် ဟု ကမ္ဘာ့သုတေသီတို့၏ဇယားမှာ ကောက်ချက်ဆွဲထားကြပါသည်။
မည်သို့ဆိုစေ၊ အတိတ်ကို ပြုပြင်ခြင်းငှာမစွမ်းနိုင်ပေ၊ သို့တစေ ပစ်ပယ်ထားရန်လည်းမသင့်၊ ငြင်းခုံနေခြင်းဖြင့်လည်း စစ်မီးမပွားစေရန်လို အပ်ပါသည်။မိမိအာဏာတည်မြဲရေးအတွက်လည်း အတိတ်ကိုအသုံးမချသင့်ပေ။ အတိတ်ကိုစီစစ်၍ ပိုကောင်းသည့်မနက်ဖြန်ကို ဖန်တီးနိုင်ရန် ကြံစည်အားထုတ်သင့်ပါသည်။အခြားတဖက်တွင်လည်း အတိတ်လွမ်းေ၊ဒနာများသည် ယနေ့ခေတ် ဂလိုဘယ်လိုက် ဇေးရှင်းနှင့် ထိပ်တိုက်တိုးခွေ့နေ     ကြရသည်ကိုလည်း သတိမူကြရပါဦးမည်။။ဥပမာပြုရပါလျှင် ချိုမိုင်မိုင်သည် မြန်မာကလေးငယ်များ၏ရိုးရာအဆိုနှင့်အကဖြစ်ခဲ့သော်လည်းယနေ့မျိုးဆက်သစ်တို့သည်အိုဗာဂန်းနက်စတိုင်ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင်ကြီး အသုံးတော်ခံနေ ကြပါပြီ။ ချိုမိုင်မိုင်သည် ဘယ်ဝယ်ဆီသို့ရောက်သွားလေသနည်း၊ပျေက်ကွယ်၍ သွားပြီလော၊ မတွေးတောတတ်တော့ပေ။ အကယ်၍သာ အတိတ်လွမ်းဝေဒနာရှင်တို့သည်  အိုဗာဂန်းနက်စတိုင်ကို လက်မခံနိုင်လိုကြပါလျှင် တကိုယ်တည်းဘဝဖြင့်သာ တောခိုရန်ရှိပါတော့သည်။
အိုဗာဂန်းနက်စတိုင်ကဲ့သို့ပင် တီရှပ်နှင့် ဘောင်ဘီသည်လည်း ကမ္ဘာ့နေရာအနှံ့အပြားမှာ နေရာယူထားကြပါပြီ။ မြန်မာ့ရိုးရာ ပုဆိုးနှင့် ထမီတို့သည်လည်း ကန်ထုတ်ခြင်းခံနေရပါ၏။ အနာဂတပညာရှင်တို့၏ဟောစတမ်းတွင် ကမ္ဘာလုံးဆိုင်ရာလူနေမှုစတိုင် (Global Life Style) တစ်ခု ဖြစ်ထွန်းပေါ်ပေါက်နေပြီး မရှေးမနှောင်းကာလမှာပင် ယဉ်ကျေးမှုဆိုင်ရာအမျိုးသားရေးဝါဒ ပေါ်ထွက်လာလိမ့်မည်ဟူ၍လည်း နိမိတ်ယူထားကြပါသည်။
အမှန်တွင်မူ ဤဂလိုဘယ်လိုက်ဇေးရှင်းခေတ်မတိုင်မှီကတည်းကပင် မြန်မာပြည်တွင် ယဉ်ကျေးမှုဆိုင်ရာအမျိုးသားရေးဝါဒ တိုက်ပွဲ များ ပြင်းထန်လာခြဲ့ခင်းဖြစ်သည်။ တိုင်းရင်းသား(၁၃၅)မျိုးနေထိုင်သည့်ဗဟုယဉ်ကျေးမှုလူ့အဖွဲ့အစည်း (Multi Cultural Society) ဟုဆိုအပ်သော မြန်မာနိုင်ငံတွင် ပဒေသာစုံယဉ်ကျေးမှု (Diversity of Culture) ၏ တန်ဘိုးကို နားမလည်နိုင်ခဲ့ခြင်းမှာ လွန်စွာဝမ်းနည်းကျေကွဲဘွယ်ရာ ကောင်းလှပေသည်။ လူမျိုးပေါင်းစုံနှင့် ယဉ်ကျေးမှုမျိုးစုံဖြင့် အလှကြွယ်သည့် သဘာဝပန်းဥယဉ်ကြီးအား ယနေ့ စီးပွါးရေး ဂလိုဘယ်လိုက်ဇေးရှင်းကြီးတွင် ခင်းကျင်းပြသနိုင်ရန်အတွက် အဓိကလိုအပ်ချက်သည် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်ပါ၏။ ဘေးအန္တရာယ်ကင်းရှင်းဇုံအဖြစ်ပုံဖေါ်၍ အမိမြန်မာပြည်ကို ကမ္ဘာ သို့ကြေငြာသင့်ကြပါပြီ။ပထမဦးစွာ အတိတ်လွမ်းဝေဒနာကိုကျော်၍ ပိုမိုကောင်းမွန်သည့် မနက်ဖြန်ကိုမျှော်ကြည့်ကြစေခြင်ပါ တော့သည်။ ပိုမိုကေင်းမွန်သည့်မနက်ဖြန်ပေါင်းများစွာကို တည်ဆောက်ခြင်းဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို ချဉ်းကပ်သင့်ကြပေသည်။


No comments:

Post a Comment